ပြည် ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက "ဥပဒေဆိုင်ရာအခြေခံအသိအမြင် ပညာပေးဟောပြောပွဲ" အခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်တက္ကသိုလ်ပါမာက္ခချုပ် ဒေါက်တာသက်လွင်က ယခုအသိပညာပေးဟောပြောပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သိသင့်သိထိုက်သောအချက်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့မှ အခြေခံသိရှိရမည့်အချက်များကို ဆွေးနွေးဟောပြောပေးကြမှာဖြစ်ကြောင်း၊ အဆိုပါ သိသင့်သိထိုက်သော အခြေခံဥပဒေများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုများကို ပြည်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများအား သိရှိနိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ခရိုင် ဒုတိယဥပဒေအရာရှိ ဦးစိုးမြတ်ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ "နိုင်ငံတော်အခြေခံမူများ"၊ "ဥပဒေပြုရေးကဏ္ဍ"၊ "တရားဥပဒေစိုးမိုးရေးကဏ္ဍ" ၊ "စီးပွားရေးကဏ္ဍ"၊ တပ်မတော်ကဏ္ဍ"၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုင်ရာအကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းနှင့် နိုင်ငံသားတို့၏တာဝန်များအကြောင်းအပါအဝင် ဥပဒေဆိုင်ရာ အခြေခံသိမှတ်ဖွယ်ရာအကြောင်းများကို အသိပညာပေးဆွေးနွေးဟောပြောပြီး ပြည်တက္ကသိုလ် ဥပဒေပညာဌာန၊ ပါမာက္ခ(ဌာနမှူး)ဒေါက်တာဝေဝေမြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ အခြေခံ သိကောင်းစရာ ဥပဒေအကြောင်းများကို အသိပညာပေးဆွေးနွေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက ဥပဒေဆိုင်ရာသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြကြောင်းနှင့် ပြည်တက္ကသိုလ် ပါမောက္ခချုပ်က အသိပညာပေးဆွေးနွေးဟောပြောပေးကြသူများကို အမှတ်တရလက်ဆောင်ဂုဏ်ပြုပေးအပ်ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)