မြဝတီမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အသင်း(၅)သင်း ဘောလုံးပြိုင်ပွဲ၊  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မြဝတီ ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၂၀၂-၂၀၂) ပညာသင်နှစ်ကျောင်းကောင်စီဥက္ကဋ္ဌဖလား အသင်းငါးသင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်မည့်  ကျန်စစ်သားအသင်းနှင့်  အနော်ရထာအသင်းက ကွင်းအတွင်းနေရာပြီး ယှဉ်ပြိုင်ကစားခဲ့ကြရာ အနော်ရထာအသင်းက သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရဗိုလ် စွဲခဲ့သည်။ ထို့နောက် ပွဲစဉ်ဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပေးခြင်းနှင့် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ပထမဆုရရှိသည့်  အနော်ရထာအသင်းအား  တစ်ဦးချင်း ရွှေဆွဲပြားဆုနှင့် ငွေသားဆုကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဒိုင်းဆုကြီးကို အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကျန်စစ်သားအသင်းအား တစ်ဦးချင်း ငွေဆွဲပြားဆုကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ငွေသားဆုနှင့် ဒုတိယ ဒိုင်းဆုကြီးကို အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးစံဝင်းကြည်ကလည်းကောင်း၊ တတိယဆု ရရှိသည့်အလောင်း ဘုရားအသင်းအား တစ်ဦးချင်းကြေးဆွဲပြားဆုနှင့် ငွေသားဆုကို  ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကိုနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကျန်ရှိသည့် နှစ်သိမ့်ဆုများ၊ ရှေ့တန်းအကောင်းဆုံး၊ အလယ်တန်းအကောင်းဆုံး၊ နောက်တန်းအကောင်းဆုံး၊ ဂိုးသမားအကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို   ကျောင်းအကျိုးတော်ဆောင်များနှင့်  အလှူရှင်များကလည်းကောင်း ဆုများအလိုက် ပေးအပ်ချီးမြှင့်သည်။

မြဝတီမြို့နယ်အနေဖြင့် အခြေခံပညာအဆင့် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသင်းလိုက် စုဖွဲ့ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြက်နေစေရန် စသည့် ရည်ရွယ်ချက်ကောင်းတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)