ပေါက်ခေါင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပေါက်ခေါင်း ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.မ.က(ကြိုးကြာ)ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသားကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးပြုပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးကျော်ကျော်ထွန်းက စားသုံးရန်မသင့်သည့်အစားအစာများအ‌ကြောင်းကို အသိပညာပေးဟောပြောခြင်း၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ရုပ်ပုံပါစာအုပ်ဖြင့်ပုံပြင်ပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသားကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ မူးယစ်ဆေးဝါးအသိပညာပေးနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာ‌စောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းများသို့စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)