သဲကုန်း သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်အတွက် ရုပ်ပုံစာဖတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိပြီး စာအုပ်စာပေများ လာရောက်ငှားရမ်းဖတ်ရှုနိုင်စေရန်၊ ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရှိစေရန်၊ စာဖတ်ရာတွင် အဖြတ်အတောက်မှန်ကန်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အ.မ.က(တည်သီးပြင်)၊ အ.မ.က(ရွာထောင်ကုန်း)၊ အ.မ.က(ထန်းရင်း)တို့မှ ကျောင်းသား၊ ကျောင်းသူများက (Unicef Myanmar)မှလှူဒါန်းသော တိုင်းရင်းသားရိုးရာစာအုပ်များအား တစ်ဦးချင်းဖတ်ကြားယှဉ်ပြိုင်ခဲ့ကြပြီးဖတ်ကြားမှု အကောင်းဆုံးဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)