ကော့သောင်းခရိုင်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကော့သောင်း ဩဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ‌ အောင်မြင်စွာ ကျင်းပ‌ရေးအတွက် ပြိုင်ပွဲကျင်းပ‌ရေး ဦးစီးကော်မတီနှင့် လုပ်ငန်း‌ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင် အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က (၂၅)ကြိမ်မြောက်‌ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်းဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးမှလည်း ယခင်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများနှင့် ခရိုင်/မြို့နယ်များအတွင်းရှိ ရွက်ပုန်းသီးအနုပညာရှင်များအား ရွေးချယ်ဖော်ထုတ်‌၍ ပြိုင်ပွဲဝင်ဘာသာရပ် အသီးသီးတွင် ကောင်းမွန်စွာ ဝင်ရောက်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ခရိုင်ကိုယ်စားပြုအဆင့်မှသည် တိုင်းဒေသကြီးကိုယ်စားပြုအထိ အရည်ချင်းပြည့်ဝသည့် အနုပညာရှင်များအား ရွေးချယ်စေလွှတ်နိုင်ရေး ပူးပေါင်းဆောက်ရွက်သွားကြရန်နှင့် ယခင်နှစ် ပြိုင်ပွဲအတွေ့အကြုံကောင်းများအား သင်ခန်းစာယူပြီး ပြိုင်ပွဲမှ သတ်မှတ်ပေးထားသည့် ညွှန်ကြားချက်များနှင့်အညီ ယှဉ်ပြိုင်သွားကြရန်နှင့် ကော်မတီအဖွဲ့ဝင်များမှလည်း အကြုံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ကြသည်။

ယင်းနောက် ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ယခင်နှစ် ဆောင်ရွက်ခဲ့သည့် အစီစဉ်များ၊ ယခုနှစ်ပြိုင်ပွဲများ အောင်မြင်စွာကျင်းပသွားမည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ခရိုင်အဆင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)