ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ (အ.မ.က) ကျောင်း၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

ပွင့်ဖြူ ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ညောင်ပင်စောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း မြေကွက်လပ်၌ အရိပ်ရပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်ရွှေက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ၊  အပူဒဏ်ကာကွယ်နိုင်ရန်နှင့် ရာသီဥတုဂေဟနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ မိမိတို့ဌာနမှ အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ နှစ်စဉ် မိုးရာသီကာလတွင် အကောင်အထည် ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ၊ ယနေ့ အရိပ်ရပင်များ စိုက်ပျိုးပေးရခြင်းမှာ ကျောင်းပတ်ဝန်းကျင်သာယာစိမ်းလန်းစိုပြည်စေရန်နှင့် ကျောင်းသားကျောင်းသူများ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို သိရှိနားလည်ကာ မိမိမြို့ရွာဒေသ သာယာစိမ်းလန်းစိုပြည်အောင် သစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများ ရရှိပြီး လက်တွေ့ပူးပေါင်းပါဝင်စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍  အရိပ်ရပင်များ စုပေါင်းစိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ညောင်ပင်စောက် ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ကျောင်းဝင်းအတွင်း မြေကွက်လပ်၌ ခရေအပင်ကြီး (၂၀) ပင်အား စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အလားတူ အရိပ်ရပင်များ အကောင်အထည်ဖော် စိုက်ပျိုးခြင်းကို ယမန်နေ့က ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး  ညောင်ပင်ကျေးရွာနှင့် အင်းနက်ကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းဘေး (ဝဲ၊ ယာ) တစ်လျှောက် ကျေးရွာဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန် ခရေအပင်ကြီး (၁၅) ပင်၊ ရေတမာအပင်ကြီး (၅) ပင် ၊ အပင်သေး (၂၀) ၊ ရိုးရိုးတမာအပင်ကြီး (၂၀) ၊ စုစုပေါင်း အရိပ်ရပင် (၆၀)ပင်အား စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်ရွှေထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )