တောင်တွင်းကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး သြဂုတ် ၁၄

တောင်တွင်းကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး​မြို့နယ် ပြည်သူ့စာကြည်တိုက် (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နေရာအနှံ့တွင် ကျင်းပလျက်ရှိပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေး၊ ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိတို့ပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ရေး၊ အသိပညာရရှိစေသည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုလာနိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံလာနိုင်စေရေးတို့အတွက်ရည်ရွယ်၍ ယခုလိုစာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ရှင်းလင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက လွတ်လပ်ရေးနေ့၊ ဇန်နဝါရီလ ၄ရက်၊ အမျိုးသားနေ့၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ သမိုင်းအတွက် အရေးကြီးဆုံးနေရာဖြစ်သည့် ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)၊ မြန်မာနိုင်ငံမှ ဖလော့ရင့်နိုက်တင်ဂေးလ် ဆုရရှိသူများ၊ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ချီးမြှင့်ခဲ့ပုံအဆင့်ဆင့်၊ နိုင်ငံပိုင်သတင်းစာ စသည့်တို့အား ဖတ်ကြားခဲ့ကြသည်။

ထို့နောက် စာဖတ်စွမ်းရည်အကောင်းဆုံးဆုရ ကျောင်းသား/ ကျောင်းသူ (၃) ဦးကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) မှ G – 4 ကျောင်းသား/ ကျောင်းသူ (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)