လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်၊ လမ်းအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

လိပ်သို ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလေးထားလိုက်နာကြစေရန် ယာဉ်၊ လမ်းအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်နော်ဒိုနီးရှာက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ကျောင်းသား/ကျောင်းသူများအား အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အထက်တန်းပြဆရာမ ဒေါ်နော်ခူဆိုးက ယာဉ်၊ လမ်းအန္တရာယ်ကာကွယ်ရေး အဓိပ္ပာယ်၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် အချက်များ၊ ယာဉ်များနှင့် ယာဉ်မောင်းများ လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ရွက်ရမည့်အချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြမည်ဆိုပါက ယာဉ်တိုက်မှုများ၊ ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများကို အမှန်တကယ်လျော့ကျအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ယာဉ်၊ လမ်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)