သံတောင်ကြီး ဩဂုတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးကျောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ တောင်ပေါ်ကွမ်းကြမ်းများသည် မိုးရာသီအချိန်တွင် စိုက်ပျိုးလျက်ရှိပြီး သစ်ပင်ကြီးများပေါ်တွင်လည်ကောင်း၊ ကွမ်းသီးပင်များပေါ်တွင် တွယ်တက်နိုင်စေရန် စိုက်ပျိုးသည့် နွယ်ပင်တစ်မျိုးဖြစ်သည်။ ကွမ်းကြမ်းပင်များသည် တစ်နှစ်လျှင် (၃) ကြိမ်မှ (၄) ကြိမ်အထိ ခူးယူရောင်းချလျက်ရှိပြီး ယခုလနောက်ဆုံးပတ်တွင် ကွမ်းရွက်ကြမ်းများ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် နွေရာသီတွင် အထွက်နှုန်းနည်းပြီး ဈေးကောင်းရရှိကာ အစည်း(၄၀)စည်း (၁၀)ပိသာလျှင် ကျပ် (၂၅၀၀၀) မှ ကျပ် (၃၀၀၀၀)အထိ ရရှိသော်လည်း မိုးရာသီအချိန်တွင် အထွက်နှုန်းကောင်းသည့်အတွက် အစည်း (၄၀)စည်း (၁၀) ပိသာလျှင် ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)အထိသာ ရရှိသည့်အတွက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။
နော်နော်မူ