မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး သြဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မကွေးမြို့ မဲထီးလမ်းရှိ ဝင်းဟိုတယ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ မန်နေဂျာနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ဧည့်သည်များ ဝင်ရောက်လည်ပတ်ခြင်းတိုးတက်မှု အခြေအနေများအနေဖြင့် ခရီးစဉ်ဒေသ အသီးသီးသို့ ဧည့်သည်ဝင်ရောက်မှုမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ (၁၄၉၂၉၂၈)ဦး ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ်အလားတူကာလထက် (၂၈%)တိုးတက်လာတာတွေ့ရကြောင်း၊ ထို့အပြင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ ဝင်ရောက်တည်းခိုသည့် အရေအတွက်အနေဖြင့် (၇၀၄၀၅)ဦး တည်းခိုခဲ့သည့်အတွက် (၂၁%) တိုးတက်ခဲ့သည်ကိုတွေ့ရကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအနေဖြင့် ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်သော သဘာဝအရင်းအမြစ်တွေ များစွာရှိကြောင်း၊ ထိုအရင်းအမြစ်များကို အခြေခံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခရီးစဉ်၊ ဘုရားဖူးခရီးစဉ်၊ စွန့်စားခရီးစဉ်၊ စေတနာ့ဝန်ထမ်းခရီးစဉ်နှင့် အားကစားခရီးစဉ် စသော ခရီးစဉ်များစွာကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် မကွေးတိုင်းဒေသကြီး၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရွှေစက်တော်ခရီးစဉ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခရီးစဉ်၊ စိုက်ပျိုးရေးခရီးစဉ်၊ ဘုရားဖူးခရီးစဉ်မျိုးကို ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း မိမိတို့ဒေသအား မြန်မာနိုင်ငံအတွင်းရှိ စွဲမက်ဖွယ်ခရီးစဉ်ဒေသတစ်ခုဖြစ်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသလို လူ့စွမ်းအားအရင်းအမြစ်များ ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ ဆင့်ပွားသင်တန်းများကိုလည်း စဉ်ဆက်မပြက် ပို့ချပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအား တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးရုံးခွဲအနေဖြင့် ဝန်ထမ်းများအား ကျွမ်းကျင်လုပ်သားထုဖြစ်စေရန်အတွက် ၂၀၂၂ ခုနှစ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စာသင်တန်းအား AELC သင်တန်းကျောင်းနှင့် ပူးပေါင်း၍ သင်တန်းသား (၅၂)ဦး၊ ၂၀၂၃ ခုနှစ်တွင် ဟိုတယ်ဝန်ဆောင်မှုသင်တန်း (၃)မျိုးဖြစ်သော ဧည့်ကြိုသင်တန်း Front Office၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း House Keeping၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း Food & Beverage (Service) သင်တန်းသား/ သင်တန်းသူ (၈၅)ဦးတို့ကို သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းသည် Service-People-Oriented လုပ်ငန်းဖြစ်သည့်အတွက် Human Resources များကိုလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်တည်မြဲစေရန် ယနေ့ကဲ့သို့ ဖွင့်လှစ်သော သင်တန်းများသည် အထောက်အကူပြုစေပြီး ဝန်ထမ်းသင်တန်းများမှလည်း ဧည့်ဝန်ဆောင်မှုလုပ်ငန်းကို ချစ်ခင်၍ ဆက်လက်ပြီး ပိုမိုတိုးတက်အောင် မိမိဒေသ ခရီးသွားလုပ်ငန်းများကိုလည်း မြှင့်တင်ပေးရန် ကြိုးစားသွားရမှာဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည် Digitalization နှင့် AI နည်းပညာများမှာလည်း ခရီးသွားလုပ်ငန်းကို အကျိုးသက်ရောက်လာခြင်းဖြစ်သည့်အတွက် နည်းပညာများကိုလည်း လေ့လာ၍ လုပ်ငန်းမှာ တီထွင်အသုံးပြုသွားကြရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားပြီး ကျွမ်းကျင်ဝန်ထမ်းများဖြစ်လာမှသာ ဒေသတွင်းသာမက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်မှုအခြေပြု လုပ်သားထုပေါ်ပေါက်လာပြီး မိမိတို့၏ ဖန်တီးမှုစွမ်းအားများကိုလည်း မြှင့်တင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး NSSA ဂုဏ်ပြုလက်မှတ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ကာ သင်တန်းနည်းပြမှ သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်ဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးရုံးခွဲ၏ ဦးဆောင်မှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (၃)မျိုးဖြစ်သော ဧည့်ကြိုသင်တန်း FO၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း HK၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း F&B (Service) သင်တန်းများကို (၃)ပတ်ကြာ သင်တန်းသား/သင်တန်းသူ (၆၁)ဦးဖြင့် ဖွင့်လှစ်ပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ