ဘောလခဲ နိုဝင်ဘာ ၁၉
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (UNCRC Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၃၀)နာရီက မဟာကန္တာရတိဏ္ဏ ဘုန်းတော်ကြီးကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသမိုင်းကြောင်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က (၃၁) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (UNCRC Day)အကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီးနန်းဖဲကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှကလေးတစ်ဦးက ကလေး သူငယ် အခွင့်အရေးများအကြောင်း၊ မဟာကန္တရတိဏ္ဏ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကလေးတစ်ဦးက ကလေးသူငယ်အခွင့်အရေး ဥပဒေပါ ကလေးများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ နှင့် နန်းဖဲလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကလေးတစ်ဦးက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ပေးရမည့် အချက်များတို့ကိုအသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီဝင်များက (UNCRC Day) အကြိုလှုပ်ရှားမှုတွင် ဆုရရှိသောကလေးသူငယ်များအား အသီးသီး ဆုချီးမြှင့်ပေးခဲ့ပြီး ကလေးသူငယ်များက တေးသရုပ်ဖော် အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။
လှရွှေ