ကြို့ပင်ကောက်မြို့နယ်၌‌ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ကြို့ပင်ကောက် ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲအခမ်းအနားကို အ.ထ.က(ကြို့ပင်ကောက်)တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိဦးသန်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုးက ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်များပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းကျန်းမာရေးကူးစက်တာဝန်ခံဆရာဝန် ဒေါက်တာမေ‌‌ဇော်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်း၊ ကူးစက်ခြင်းရောဂါလက္ခဏာများနှင့် ကာကွယ်ခြင်းအကြောင်းအရာတို့ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အကြောင်းတို့ကို အသိပညာပေးဟောပြော၍ မြို့နယ်သူနာပြုအဆင့် ၁ ဒေါ်သီတာနွယ်က ဝမ်းပျက်ဝမ်းလျှောရောဂါ ဝမ်းကိုက်ရောဂါဖြစ်ပွားရခြင်းနှင့် ကာကွယ်ရမည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ်အမေးအဖြေအစီအစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် အသိပညာပေးဟောပြာခြင်း၊ ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်များတွင် ရက်လွန်မုန့်များ ကျန်းမာရေးနှင့်မညီညွတ်သောမုန့်များရောင်းချခြင်းရှိမရှိ စစ်ဆေးပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချကြသော ဆိုင်ရှင်များအားအသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)