ချောင်းသာမြို့ ဝါသနာတူ အသင်းအဖွဲ့များ စုပေါင်းပြီး စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး

ချောင်းသာ သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝါသနာတူအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) မြန်မာပြန်သည့် ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်း‌ကျော်ကျော်က စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးရခြင်း ရည်ရွယ်ချက်နှင့်  ဝါသနာတူ အသင်းအဖွဲ့များအနေဖြင့် စာပေဆွေးနွေးပွဲများကို ပူးပေါင်းပါဝင်ဆောင်ရွက်မှုအပေါ် ကျေးဇူးတင်စကားပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးသုတဉာဏ်က စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) မြန်မာပြန်သည့် ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်းစာအုပ်သည် ဒေးလ်ကာနက်ဂျီ၏ လူကြီးလူငယ်မရွေး ဖတ်ရှုသင့်သော လက်ရွေးစင်စာစုများဖြစ်ပြီး ထိုစာအုပ်မှ “ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်ပါ၊ ပင်ကိုအတိုင်းနေပါ၊ သင်နှင့်သင်သာနှိုင်းစရာ” ခေါင်းစဥ်မှ လူတစ်ယောက်သည် ပညာပြည့်ဝ နှလုံးလှလာသောအခါ အဝိဇ္ဇာတည်းဟူသောမသိမှုကြောင့် မနာလိုဝန်တိုဖြစ်ရကြောင်း၊ တုပခြင်းကြောင့် အကျိုးမရှိ၊ ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေနိုင်ကြောင်း နက်နက်ရှိုင်းရှိုင်း ခံယူသဘောပေါက်လာနိုင်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိကိုကိုယ်အရှိအတိုင်း လက်ခံလာနိုင်စေရန် ရည်ရွယ်၍ ဘာသာပြန်ဆိုထားကြောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် အမျိုးသမီးများအသင်း (Women Club)အဖွဲ့ဝင် ဒေါ်‌အေးစန္ဒာက “ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း” စာအုပ်မှ မောပန်းနွမ်းနယ်မှုနှင့် သောကကင်းဝေးမှု နည်းလေးခုခေါင်းစဉ်ကိုလည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့ဝင် ဒေါ်မြတ်နိုးဝေက အပြစ်မတင်ဘဲ အလုပ်ဖြစ်အောင်လုပ်ပါ ခေါင်းစဉ်ကိုလည်းကောင်း ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသည့် စာပေချစ်သူများနှင့် ဝါသနာတူအသင်းအဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချောင်းသာ(ပြန်/ဆက်)