သာယာဝတီ သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)သာယာဝတီ၌ ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးပြုပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာနိုင်ကြောင်း အသိပညာပေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)