ထားဝယ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ထားဝယ် သြဂုတ် ၁၄

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးယဉ်ထွေးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအောင်မြင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း သမိုင်းကြောင်း၊ နောက်ခံအကြောင်းအရာ၊ သန်းခေါင်စာရင်း ၏ဥပဒေ၊ သန်းခေါင်စာရင်းဖွဲ့စည်းပုံ၊ သန်းခေါင်စာရင်း အသုံးဝင်ပုံ၊ ရည်ရွယ်ချက်များ၊ အခြေခံအချက်အလက်များ၊ လုပ်ငန်း စဉ်(၄)ရပ်၊ကောက်ယူမည့်မူ၊ ကောက်ယူမည့်နည်းလမ်း၊ အသုံးပြုမည့် မေးခွန်းပုံစံ(၂) မျိုး စသည့်တို့ကို ဆွေးနွေးဟောပြောပြီး  နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားရေး ဆိုင်ရာ စာရင်းအင်းအချက်အလက်များ ရရှိရေးအတွက် ၂၁၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဗဟိုသန်းခေါင်စာရင်းကော်မရှင် ၏လမ်းညွှန်ချက်နှင့်အညီ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအဖွဲ့သာမက မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်မှသာ သန်းခေါင်စာရင်း အောင်မြင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူက သန်းခေါင်စာရင်းအသုံး အဆောင်ပစ္စည်းဖြစ်သည့် စပို့ရှပ်၊ တီရှပ်နှင့် ဦးထုပ်များအား ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးဦးလွင်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ဟောပြောပွဲသို့ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား သန်းခေါင်စာရင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)