ထားဝယ် ဩဂုတ် ၁၄
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်အတွက် ထားဝယ်ခရိုင် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူက ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသကဲ့သို့ နောင်ကျရင်နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့် သူများဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များ အကောင်အထည်ဖော်ရာ၌ စာအုပ်စာစောင်များ ဖတ်ရှုခြင်း၊ အတွေ့အကြုံ ရှိသူများကို မေးမြန်းခြင်းကနေ ရရှိနိုင်သလို ကျောင်းသားအချင်းချင်း တို်င်ပင်ဆွေးနွေးခြင်းတို့ကလည်း ရရှိနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို တန်ဖိုးရှိသော လူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီး ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိ တန်ဖိုးရှိသော လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခြင်းသည် မိမိပတ်ဝန်းကျင်အတွက်၊ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက်ပါ ကောင်းအောင် ကြိုးစားနေခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြသည့် Grade-10 ကျောင်းသားမောင်ကောင်းသူရိန်ကျော်က လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသား မောင်လင်းသန့်က လူငယ်နှင့်ဂီတ၊ Grade-10 ကျောင်းသူ မငြိမ်းဆုဝေက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11 ကျောင်းသူ မဧကရီထက်အောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင် ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)