မော်လိုက် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်အသေးစား စက်မှုလက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ခရိုင်အသေးစား စက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်၊၊ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းသူများ ချုပ်လုပ်ထားသော ချုပ်ထည်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ စက်ချုပ်နည်းသင်တန်းကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ရုံးချုပ်၊ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ မြို့ပြအပါအဝင် ကျေးရွာ(၂၂၁)ရွာကို ရွေးချယ်ပြီး ဒေသထွက် ကုန်ကြမ်းပေါ်မူတည်၍လည်းကောင်း၊ မြို့ပြနှင့်ကျေးလက်နေ လူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်များအား ရွေးချယ်၍လည်းကောင်း၊ အိုးအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ကိုင်ဆောင်ရွက်လိုသော အမျိုးသမီးများအား ရွေးချယ်၍လည်းကောင်း၊ စီမံကိန်း လုပ်ငန်း(၇)ခုအား စဉ်ဆက်မပျက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော်လိုက်ခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ မော်လိုက်မြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ အဆိုပါ စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ “အမျိုးသမီးများအတွက်ဝင်ငွေတိုးတက်ရေး” ဆောင်ရွက်မည့် လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အမျိုးသမီးများ မိမိမြို့ရွာတွင် အလုပ်အကိုင်များ ရရှိနိုင်ရန် ရည်ရွယ်၍ စက်ချုပ်နည်းပညာ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရေး ထောက်ပံ့ပေးနိုင်မှု ကော်မတီနှင့် သင်တန်းနည်းပြတို့မှ လုပ်ငန်းထူထောင်နိုင်ရန်အတွက် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ရွေးချယ်ထားသူ(၅)ဦးအား လုပ်ငန်းအစပြုဆောင်ရွက်ရန် မိမိတို့ဌာမှ ထောက်ပံ့ငွေကျပ်(၁၄)သိန်းနှင့် ညီမျှသည့် စက်ပစ္စည်း နှင့် ၎င်းတို့ တစ်ဦးလျှင် ကုန်ကြမ်းမတည် ထည့်ငွေ ကျပ်(၂)သိန်း၊ စုစုပေါင်း ကျပ်(၁၆)သိန်းတိတိနှင့် ညီမျှသော လိုအပ်သည့် ပစ္စည်းတို့ကို ထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းကို (၁၅-၇-၂၀၂၄) ရက်နေ့မှ (၁၃-၈-၂၀၂၄) ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းထံမှ သိရသည်။
ကိုထက်(ပြန်/ဆက်)