မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပန်းခင်းစီမံချက် အဆင့် (၃)၏ Final Phase အရ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ e-ID Server နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ Biometric ကောက်ယူခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ အစီအမံဖြင့် ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက် အဆင့် (၃)Final Phase အရ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ e-ID Server နှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း၊ Biometric ကောက်ယူခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်း အားပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှုရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ပန်းခင်းစီမံချက်နှင့် ဆောင်ရွက်ရာမှာ လက်ရှိစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ဆောင်ရမည့် ပြည်သူများ မကျန်ရှိရအောင် ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အိမ်ထောင်စုတစ်စုချင်းစီအလိုက် အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမလုပ်ဆောင်ရသေးသည့်သူတိုင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းကာ အကြောင်းကြားဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာမှာ ဒီဇင်ဘာလအထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပန်းခင်းစီမံချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရေးကို စီမံချက်အဆင့်(၁)အနေဖြင့် (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆင့်(၂)အနေဖြင့် (၉၀)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကာ လက်ရှိ ပန်းခင်းစီမံချက်အဆင့် (၃)မှာ အသက်(၁၈)နှစ် ပြည့်ပြီးသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မောင်ညီညာ