ကျွန်းစုမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု ဩဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ​ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်၍ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲ အချိန်က ကျွန်းစုမြို့၊ မအိုင်ကျေးရွာအုပ်စုအတွင်းရှိ အ.လ.က မအိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်က လူငယ်များ၏ စွမ်းပကားဖြင့် နိုင်ငံတည်ဆောက်ရေး အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲမင်းဦးက ကူးစက်နိုင်သော ရောဂါနှင့် မကူးစက်နိုင်သော ရောဂါများအကြောင်းကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကျား/မ အခြေပြု အကြမ်းဖက်မှုအကြောင်းကိုလည်းကောင်း၊ ကျွန်းစုမြို့မစခန်းမှူး ဒုရဲမှူး စံလှက မှုခင်းကျဆင်းရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က  စာဖတ်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အ.လ.က မအိုင်ကျောင်းအုပ် ဒေါ်ဇင်မာအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး နံရံကပ်ဗွီနိုင်းများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)