ကျွန်းလှ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ဒုတိယ) ပတ်အဖြစ် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အသက် ၆ လမှ ၁၁ လထိကလေးများအား ဗီတာမင်အေ တစ်သိန်းအား၊ အသက် တစ်နှစ်မှ ငါးနှစ်ထိ ကလေးများအား ဗီတာမင်အေ နှစ်သိန်းအားနှင့် အသက်နှစ်နှစ်မှ ငါးနှစ်ထိ ကလေးများအား သံချဆေးများ တိုက်ကျွေးကြသည်။
ယင်းနောက် မိခင်နို့တိုက်ကျွေးနေသော မွေးကင်းစကလေးငယ်များအတွက် ဖြည့်စွက်အာဟာရအဖြစ် ဗီတာမင်အေနှင့် မနရယ်ပေါင်ဒါများ အခမဲ့ပေးအပ်ပြီး ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)