ကျွန်းလှ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးစပါးပန်းတိုင်အတွက်ရရှိရေး စံပြကွက်စိုက်ပျိုးခြင်း ကွင်းပြပွဲကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၅)၊ တောင်သူ ဦးမင်းနိုင်၏ လယ်မြေ (၃) ဧက၌ ကျင်းပသည်။
မိုးစပါးပန်းတိုင်အထွက် ရရှိရေးအတွက် ကြိုးတန်း ၁၀ တန်း တစ်တန်းလှပ်စိုက်ပျိုးခြင်းဖြင့် ကောက်ကွက် (၁ ဒသမ ၂) သိန်းမှ (၁ ဒသမ ၅) သိန်းထိ ဝင်ဆန့်မည်ဖြစ်ကြောင်း၊ လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းထိုးသမန်းနိုး လွယ်ကူမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းကျစိုက်နည်းစနစ်အား လိုက်နာကျင့်သုံးခြင်းဖြင့် တစ်ဧကတင်း (၁၀၀) အထက်ထွက်ရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ မိုစပါးစံပြကွက်စိုက်ပျိုးနေခြင်းကို ကြည့်ရှုအားခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၇ ဧက လျာထားပြီး လက်ရှိအချိန်ထိ ၂၃၀၇၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ