ကန့်ဘလူ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ဆု ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဦးစီးကျင်းပသော မိုးရာသီအထိမ်းအမှတ် ကျောင်းသားအားကစား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၃ ရက်မွန်းလွဲ ၄ နာရီက ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဆုကိုယ် ပိုင်အထက်တန်းကျောင်း ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆု (A) အသင်းနှင့်ဆု (B) အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ဆု (A) အသင်းက ခုနှစ်ဂိုး ငါးဂိုးဖြင့်အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပထမဆုရ ဆု (A) အသင်း၊ ဒုတိယဆုရ ဆု (B) အသင်း၊ တတိယဆုရ ရွှေလှေကား (B) အသင်းနှင့်နှစ်သိမ့်ဆုရ လိတ္ထူ (A) အသင်းတို့အား ခရိုင်ပညာရေးမှူး ဦးသန်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆု၊ ဆုငွေနှင့်တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ခရိုင်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အားကစားကိုလေ့ကျင့်လိုက်စားလာစေရန်၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ဆု ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးဟန်လင်းအောင်က ဦးစီးဦးဆောင်ပြုကာ ပြိုင်ပွဲကို ဩဂုတ် ၇ ရက်ကစတင်ကျင်းပခဲ့ပြီးပြိုင်ပွဲ၌ ဖူဆယ်ဘောလုံးအသင်း ၁၅ သင်းဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)