လိပ်သို ဩဂုတ် ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုပုံစံများအကြောင်းနှင့် ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန် ယနေ့နံနက် ၉ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြသခြင်းများကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ဒိုနီးရှာက ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် ဥပဒေများ အကြောင်း၊ “အလိမ္မာစာမှာရှိ” “စာအုပ်စာပေလူ့မိတ်ဆွေ” ဆိုသည့်အတိုင်း စာဖတ်သောသူသည် လိမ္မာရေးခြားရှိလာနိုင်သလို စာအုပ်ဆိုသည်မှာလည်း အကောင်းဆုံး မိတ်ဆွေဖြစ်ပါကြောင်း စသည်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးအကြောင်းအရာ များကိုလည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်အေးက လူကုန်ကူးမှု ဖြစ်ပွားရခြင်းအကြောင်းရင်းများ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမခံရအောင် သိထားသင့်သည့်အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် Grade-8 ကျောင်းသူများက “ကြိုးစားကြမယ်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုအား ဟောပြောပွဲတက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)