ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း (ပြည်ကြီးမဏ္ဍိုင်)ကျောင်းတွင်ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကမ္ဘာတွင် ပလတ်စတစ်သုံးစွဲမှုမှာနှစ်ပေါင်း (၁၀၀) ကြာမြင့်နေပြီဖြစ်ကြောင်း၊ လူအများသုံးစွဲပြီး စွန့်ပစ်လိုက်သည့် ပလတ်စတစ်များသည် နှစ်ပေါင်းရာချီ မဆွေးမမြေ့ဘဲ စုပုံနေတက်ကြောင်း၊ ပလတ်စတစ်သည်အလွန် အသုံးဝင်သည့်ပစ္စည်းဖြစ်သည့်အပြင် ဆိုးကျိုးအနေဖြင့်စွန့်ပစ်သည့် ပစ္စည်းများသည်လေထုရေထုနှင့်သဘာဝပတ်ဝန်းကျင်များကို ညစ်ညမ်းစေခြင်း၊ လူနှင့်အခြားသက်ရှိ သတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်း၊ ရာသီဉတုကို ပြောင်းလဲခြင်း၊ ပလတ်စတစ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်းအာရုံကြောရောဂါများ ဖြစ်တက်သဖြင့် ပလတ်စတစ်များအားစနစ်တကျသုံးစွဲ၍ စွန့်ပစ်သင့်ကြောင်းတို့ကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပလတ်စတစ်ဆိုးကျိုးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)