ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေးဆိုင်ရာသင်တန်းသားများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး သြဂုတ် ၁၃

စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေးဆိုင်ရာသင်တန်းသားများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၁၃ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မိမိတို့ နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာတတ်မြောက်သည့် ကျွမ်းကျင်ပညာရှင်များစွာ လိုအပ်နေသော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသားအရေအတွက်နှင့် နေပြည်တော်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်တက်ရောက်နေသည့် ကျောင်းသားအရေအတွက် နည်းပါးနေကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွက် လိုအပ်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာ တတ်မြောက်သည့် ကျွမ်းကျင်ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် သက်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် လူငယ်၊ လူရွယ်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို စိတ်ပါဝင်စားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်ဦးစီးမှူးများ၊ ဟားခါးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်များနှင့် နေပြည်တော်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်များတွင် စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ် တက်ရောက်သင်ကြားကြမည့် သင်တန်းသားရရှိနိုင်ရေး၊ သင်တန်းတက်ရောက်မည့်သူများ စိစစ်ရွေးချယ်ရေးတို့အတွက် ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအောင်ချိုတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)