ရေတာရှည်မြို့နယ်၌ “ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် လှုပ်ရှားမှုများ “ ဆောင်ရွက်

ရေတာရှည် သြဂုတ် ၁၃

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ “ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် လှုပ်ရှားမှုများ” ကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာညီဆွေက “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ”အဖြစ် ဩဂုတ်လတစ်လလုံးကို ပထမရက်သတ္တပတ်၊ မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်၊ ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေးရက်သတ္တပတ်များအနေနဲ့ သတ်မှတ်ဆောင်ရွက်သွားခြင်းအား  နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့ မိမိတို့နေအိမ်မှာ မိသားစုနေ့စဉ်စားသောက်ဖို့ ချက်ပြုတ်သည့်အခါ အာဟာရအုပ်စု သုံးအုပ်စုလုံး မျှတစွာပါဝင်အောင် ချက်ပြုတ်တတ်စေဖို့၊ သန့်ရှင်းလတ်ဆက်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းတဲ့ ဒေသထွက်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို တန်ဖိုးနည်းနည်းနဲ့ အကုန်အကျမများစေဘဲ အာဟာရဓာတ်မပျက်စေဘဲ စနစ်တကျပြင်ဆင်တတ်စေဖို့၊ ချက်ပြုတ်တဲ့အခါမှာလည်း အရသာရှိပြီး စားလို့လည်းမြိန်အောင်၊ ဟင်းအမယ်တွေကိုလည်း စားချင်စဖွယ် စီမံတတ်စေဖို့နမူနာယူ ပညာယူနိုင်ရေးအတွက် လိုက်နာမှတ်သားကြပါရန်ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်သန်းသန်းမူက အာဟာရသုံးအုပ်စုအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများ၊  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက  ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အာဟာရပစ္စည်းများထောက်ပံ့ပေးခြင်း၊ အသက် (၆) နှစ်နှင့်အထက် ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)