ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေး

ဘားအံ ဩဂုတ် ၁၃

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေချောင်းရေများ စံချိန်တင်မြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးပြီး မိုးစပါးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီ ပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်းရှိ ရေကြီးနစ်မြုပ် မိုးစပါး(၉၁)ဧက၊ ဘားအံမြို့နယ်၊ ရဲသာ(ကမော့ကစင်)ကျေးရွာ ရဲသာကွင်းရှိ ရေကြီးနစ်မြုပ်မိုးစပါး ၆၈ ဧကတို့အနက် ထိခိုက်ပျက်စီးလယ်မြေများအား တောင်သူများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား ရက်(၉၀)မျိုးစပါးများ ထောက်ပံ့ပေးနိုင်ရေး၊ အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးလိုအပ် သည့်လယ်ယာသုံးစက်ကိရိယာများ ကူညီဖြည့်ဆည်းပေးနိုင်ရေး၊ ထိခိုက်လယ်မြေများတွင် ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရေးနှင့် သွင်းအားစုများ ကူညီထောက်ပံ့ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ရေကြီးရေလျှံမှုကြောင့် ပြည်နယ်အတွင်း ကျေးရွာအုပ်စု ၁၇၀ အုပ်စု၊ ကွင်းပေါင်း ၆၂၉ ကွင်းရှိ စိုက်ပျိုးပြီး မိုးစပါး ၃၂၃၅၁ ဧက ရေကြီးနစ်မြုပ်ခဲ့သည့်အနက် ၂၄၃၆၆ ဧက ထိခိုက်ခဲ့ပြီး ၁၃၁၄၆ ဧကပျက်စီးခဲ့ရာ ပြည်နယ်အစိုးရ အဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တောင်သူများအား မျိုးစပါး၊ သွင်းအားစုများနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေကျပြီးအပင်ပြုစုစောင့်ရှောက်နည်း၊ ပိုးမွှား ရောဂါကာကွယ်နှိမ်နှင်းနည်း၊  စပါးအစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချနည်း၊ ပျိုးထောင်နည်းများနှင့် အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပ၍ ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများ ပြန်လည်ထူထောင်စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများနှင့် မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)သည် ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော ဆေးရုံတစ်ရုံဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား၊ ရဲမေ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ဒေသများမှ တက်ရောက်ဆေးကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေး၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူး၊ သူနာပြု၊ အကူဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးရုံ၏လိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းပေးကာ အထွေထွေအသုံးစရိတ် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)