ဓနုဖြူ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိန်းညွှန့်က ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဆရာမကြီး ဒေါ်မြဝင်းနုက ကျန်းမာစွာ နေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာအကြောင်း အသိပညာပေး ဟောပြောပြီး၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နှင်းဆီက သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်း ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိန်းညွှန့်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)