ဒေးဒရဲ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်ဆက်ကပ်လှူဒါန်းခဲ့သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူတော်မူခဲ့သည့် ဆရာတော်များအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက မင်္ဂလာကံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ ဝန်ဆောင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြွရောက်တော်မူလာသည့် ဆရာတော်များနှင့် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခြင်းနှင့် မင်္ဂလာကံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဓမ္မက အဖွင့်သြဝါဒကထာမိန့်ကြားခဲ့ပြီး ဂုဏ်ပြုပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ ကျင်းပရေးကော်မတီအသီးသီးက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြလျှောက်ထားခဲ့ရာ ဆရာတော်ကြီးများက လိုအပ်ချက်များအား ဖြည့်စွက်မိန့်ကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုပူဇော်ပွဲအား ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့ မွန်းလွဲ (၂)နာရီက စတင်၍ မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် နိုင်ငံတော်က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ရရှိခဲ့သည့် တော်ကမယ်ကျေးရွာ ပုပ္ပါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ရရှိခဲ့သည့် မှော်အိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒသီရိနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ရရှိခဲ့သည့် တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာစာရ ဆရာတော်ကြီး (၃)ပါးအား မြို့နယ်အတွင်းရှိ ပြည်သူများက စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုပူဇော်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီက သိရသည်။
အေဇာလင်း(ပြန်/ဆက်)