စပါးခင်းအတွင်း စပါးနှံစုပ်ပိုးများကျရောက် ဖျက်ဆီးခြင်းခံနေရသော တောင်သူများထံသို့ ပိုးသတ်ဆေး၊ ဆေးဖျန်းပုံနှင့် ပေါင်းရှင်းစက်များပေးပို့

ဟိုင်းကြီးကျွန်း  နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ဇီးချိုင်ကျေးရွာရှိ စပါးခင်းများအတွင်း ယခုလ ၁၅ ရက်နေ့က စတင်ကာ စပါးနှံစုပ်ပိုးများ အခင်းလိုက်၊ အကွက်လိုက်ကျရောက်နေခြင်းကြောင့် တောင်သူများ အခက်အခက်ဖြစ်ပေါ်နေပြီး မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ညိုနှင့်ဝန်ထမ်းများက နယ်မြေကွင်းဆင်းကာ ပညာပေးဆွေးနွေးခြင်း၊ ပိုးသတ်ဆေးဖြန်းပုံးဖြင့် ပိုးသတ်ဆေးဖျော်စပ်ကာ လက်တွေ့ပက်ဖျန်းမှု သရုပ်ပြခြင်းနှင့် ပိုးသတ်ဆေးရေပုလင်းများ ထောက်ပံ့ပေးပို့ခြင်းတို့ကို ဆောင်ရွက် နေကြောင်း သိရသည်။

တောင်သူများ၏ ပြောပြချက်များနှင့် ကွင်းဆင်းစစ်ဆေးမှုများအရ စပါးခင်းအတွင်း ကျရောက်နေသော ပိုးမှာ စပါးနှံစုပ်ဂျမ်းပိုး အမျိုးအစားဖြစ်ပါတယ်။ စပါးနှံထွက်ခါစမှာ အနှံအတွင်းရှိ နို့ရည်ကြည် အဆင့်ရှိတဲ့ အရည်များကို ပိုးကစုပ်ယူ စားသုံးလိုက်တာကြောင့် စပါးနှံများပျက်စီးသွားမှာဖြစ်ပါတယ် ဒီပိုးကောင်တွေက ညနေနေဝင်ချိန်က စတင်ပြီး နံနက်လင်းချိန်အထိ စပါးနှံတွေကို စုပ်ယူစားသောက်ကြပြီး နေထွက်လာပြီးနောက် အပူချိန်မြင့်တက် လာချိန်မှာ အပင်ခြေရင်းသို့ ဆင်းသွားပြီး အရွက်များအောက်မှာ ခိုနေတတ်ကြပါတယ်။ လက်ရှိကျရောက်နေသည့် ပိုးကို မီးထောင်ချောက်များဖြင့် နှိမ်းနှင်း၍မရပဲ ကာတက်ဒ်ဟိုက်ဒရိုကရိုရိုက်၊ ဒိုင်မီသိုအိတ် စသည့် ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ပက်ဖြန်းပေးခြင်းဖြင့် နှိမ်နှင်းနိုင်မှာဖြစ်ပါတယ်ဟု ဟိုင်းကြီးကျွန်းမြို့၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ညိုက ပြောသည်။

ယခုလ ၁၆ ရက်နေ့က သတင်းရလျှင်ရခြင်း ကွင်းဆင်းစစ်ဆေးကာ တောင်သူများနှင့်တွေ့ဆုံပြီး ပညာပေး ဆွေးနွေးခြင်း၊ ဓာတ်ဆီအင်ဂျင်တပ် အဆင့်မြှင့်ဆေးဖြန်းပုံးနှင့် ဆေးဖျန်းမှုကို တောင်သူများအား လက်တွေ့လုပ်ဆောင်ပြခြင်း၊ ဆေးဖျော်စပ်ပုံ နည်းစနစ်တို့ကိုပြသခဲ့ပြီး (500 CC) ရှိပိုးသတ်ဆေးရည်ပုလင်း ၅ ပုလင်း(၁၀ဧကသုံးနိုင်)၊ ဆေးဖြန်းပုံး တစ်ပုံးတို့ကို ပေးအပ်ခဲ့ကြောင်း၊ နိုင်ဘာလ ၁၈ ရက်နေ့တွင် ပေါင်း မြက်များ ရှင်းလင်းနိုင်ရေးအတွက် မြက်ရှင်းစက်တစ်ခုကို ဒေသခံတောင်သူများထံ ပို့ပေးခဲ့ပြီး (500 CC) ပိုးသတ်ဆေး ၂၀ ပုလင်း(ဧက ၄၀ သုံးနိုင်) ကိုလည်းမှာယူထားပြီး ဆက်လက်ထောက်ပံ့ ပေးပို့သွားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ ဇီးချိုင်ကျေးရွာရှိ စပါးခင်းများအတွင်း စပါးနှံစုပ်ပိုးများ ကျရောက်နေကြောင်း မသိရှိမီ ရက်ပိုင်းအတွင်းက ကျေးရွာအတွင်း ညဘက်တွင် နေရာအနှံ့ အမည်မသိ ပိုးကောင်များ တွေ့ရှိရပြီး ယင်းပိုးကောင်မှ အနံ့ဆိုးများ ထွက်ကြောင်းကိုလည်း သိရသည်။

ထို့နောက် ဒေသခံတောင်သူ ဦးတင်အောင်က ၎င်းပိုင်စပါးခင်းများသို့ သွားရောက်ကြည့်ရှုစဉ် စပါးခင်းအတွင်း အကွက်လိုက်အခင်းလိုက် ပိုးများကျရောက်နေသည်ကို သိရှိခဲ့ရာက တခြားတောင်သူများကလည်း ၎င်းတို့ပိုင် စပါးခင်းများသို့ သွားရောက်ကြည့်ရှုရာတွင် ထိုနည်းတူပိုးများ ကျရောက်နေကြောင်းကို သိရှိခဲ့ရကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကပြောသည်။

ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ဇီးချိုင်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ရေတော်မိုးတော် စပါးစိုက်ဧက (၆၇၁)ဧက ရှိပြီး စပါးနှံစုပ်ပိုးကျရောက်နေကြောင်း စတင်တွေ့ရှိစဉ်က တောင်သူတစ်ဦး၏ လယ်အတွင်း အကွက်လိုက် တွေ့ရှိရာက ယခုလ ၁၈ ရက်နေ့အထိ စပါးနှံစုပ်ပိုး ကျရောက်ဖျက်ဆီးခံရမှုမှာ တောင်သူ(၃၀)ဦးခန့် ရှိနေပြီ ဖြစ်ကြောင်း သိရှိရပြီး စုစုပေါင်း စပါးပျက်စီးမှု အတိုင်းအတာ မည်မျှရှိသည်ကို မသိရှိရသေးပေ။

လက်ရှိအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးပို့ထားသည့် ဆေးဖြန်းပုံး၊ ပိုးသတ်ဆေးရည်များဖြင့် ပက်ဖျန်းကာ အချိန်မီကာကွယ် နှိမ်နှင်းနိုင်ရေးအတွက် ဒေသခံတောင်သူများ စုပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)