သာယာဝတီမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သာယာဝတီ သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက လူငယ်များအနေဖြင့် ကျောင်းအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ ယနေ့ခေတ်ကျောင်းသား လူငယ်များသည် မိမိသွားချင်သည့် လမ်းကြောင်းကို လျှောက်လှမ်းနေကြသူများ ဖြစ်ကြသလို ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်‌ပြီး ဗဟုသုတများရရှိစေရန် သတ/ရသစသော အသိပညာပေး စာအုပ်စာပေများကို ဖတ်ရှုကြရန် ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်သူဇာအောင်က အားကစားဆိုသည်မှာ အင်အားနှင့် ဉာဏ်ရည်ပေါင်းစပ်၍ လုပ်ဆောင်ကြရကြောင်း၊ အားကစားတွင် ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ ရိုးရာအားကစား၊ လူထုအားကစားဟူ၍ (၄) မျိုးရှိပြီး၊ နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သင်ကြားသွားမည့် အားကစားနည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လူငယ်နှင့်ပညာရေးအကြောင်း ဟောပြောခဲ့သည်။

ယင်းနောက် သာယာဝတီမြို့နယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်ယုက မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပြီး အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စိတ် (သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူးရဲအုပ် ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်း အရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/၂၂)ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပါ အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အကြောင်းအရာများ၊ အငှားကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ ပြည်သူ့ စစ်မှုထမ်း ဥပဒေပါ အကြောင်းအရာများအား သိရှိစေရန်   အသိပညာပေး ဟောပြောခဲ့သည်။

လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀)ဦးခန့် တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)