ချောက် သြဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ချောက်မြို့နယ်၌ မိုးခေါင်ရေရှားဖြစ်စဥ်များ ချုပ်ငြိမ်းစေရန်အလို့ငှာ ငါးရံ့မင်းပရိတ်တော်နှင့် မိုးကမ္မဝါစာရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို မဟာအေးစေတီဘုရားရင်ပြင်ရှိ မဟာသန္တိသုခဗိမာန်တွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ချောက်မြို့ သာသနာ့ဝေပုလ္လဆွမ်းလောင်းအသင်းဥက္ကဋ္ဌ၊ အေးစေတီဘုရားဂေါပကဥက္ကဋ္ဌ ဦးမြင့်စိုးက မိုးနတ်မင်းများကို ပင့်၍ ပူဇော်ပသခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃာဝန်ဆောင် ရွှေပုံတောင်ကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခသာရထံမှ ငါးပါးသီလခံယူ၍ ပင့်သံဃာဆရာတော် ၉ ပါးတို့က ဘုရား (၇)ဆူစက်ပရိတ်တော်ကြီး၊ နှစ်ကျိပ်ရှစ်ဆူစက်ပရိတ်တော်ကြီး၊ မေတ္တာသုတ်ပရိတ်တော်၊ “အဠဝီသတိသမ္မုဒ္ဓါ"ချီသောဂါထာ(၂)ပုဒ် ရွတ်ဖတ်ပူဇော်ကာ မိုးပရိတ်ဟုခေါ်သော ငါးရံ့မင်းပရိတ်၊ မိုးကမ္မဝါကို ရွတ်ဖတ်ပူဇော်ခြင်း၊ မိုးအမိန့်တော် ပြန်တမ်းကြီးကို ရွတ်ဖတ်ပူဇော်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ငါးရံ့မင်းပရိတ်တော်နှင့် မိုးကမ္မဝါစာရွတ်ဖတ်ပူဇော်ပွဲကို သြဂုတ် ၁၃ ရက်မှ သြဂုတ် ၁၅ ရက်အထိ နေ့စဉ်တစ်ရက် (၃)ကြိမ် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)