မင်းလှမြို့တွင် ၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

မင်းလှ သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကမ္ဘာမိခင်နို့တိုက်ကျွေးရေး‌နေ့ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခိုင်ဝါငြိမ်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းကို ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမနှင့် သားဖွားဆရာမများအဖွဲ့က ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့်ကလေးငယ်များ အာဟာရမျှတစွာ စားသုံးတတ်စေရန်တို့ကိုလည်းကောင်း၊ အဏုအာဟာရဓာတ်ဖြစ်စေသော အိုင်အိုဒင်းဓာတ်အကြောင်းကိုလည်း‌ကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဆရာမများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ တတ်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များကို ဘီတာမင်ဘီဝမ်းဆေးပြားများ တိုက်‌ကျွေးခြင်းနှင့်၊ အိုင်အိုဒင်းဆား၊ ကြက်ဥများ‌ဖြန့်ဝေပေးခြင်း၊ ကလေးငယ်များကို ပေါင်ချိန်ပေးခြင်း၊ MUAC တိုင်းခြင်း၊ ဗီတာမင်(အေ)နှင့် သံချဆေးတိုက်ကျွေးခြင်း၊ မုန့်ပဲသရေစာများကျွေးမွေးခြင်းနှင့် နို့တိုက်မိခင်များကို ဗီတာမင်(အေ)ဆေးလုံးများ တိုက်ကျွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)