ကန့်ဘလူမြို့နယ်၌ ဧရာမင်းစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ

ကန့်ဘလူ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း မျိုးစပါး မျိုးသန့်စပါးမျိုးများ ဖူလုံစေရေးနှင့် မျိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများ မျိုးစပါးနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဧရာမင်းစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကွင်းအမှတ် ဆင်သေကွင်း၊  ဦးပိုင်အမှတ်(၄) တောင်သူဦးမျိုးနိုင်၏ ၂ ဧကစိုက်ကွင်း၌ ကျင်းပသည်။

ကွင်းသရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၏ဋ္ဌ ဦးစောထွန်းဦးက ဒေသခံတောင်သူ များအနေဖြင့် ဒေသရေမြေအခြေအနေပေါ်မူတည်၍ ယခုစိုက်ပျိုးရာသီတွင် ပျိုးသက်မှန်ကန်မှုရှိပြီး တစ်ဧကစံသတ်မှတ်ချက်ပြည့်မီရေး၊ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရန်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်၊ မျိုးသန့်စပါးဖူလုံစေရန်၊ အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က မိုးစပါးဧရာမင်း မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း နည်းပညာပေး ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာပေးအပ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကြသည်။

ထို့နောက် ကွင်းသရုပ်ပြပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ (၁၀၀) ဦး ကြည့်ရှုအားပေးကြသည်။

ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၁၄၂၅၅၈) ဧကစိုက်ပျိုး ရန်လျာထားပြီး လက်ရှိအချိန်ထိ (၁၀၇၁၀) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)