ပန်းတောင်းမြို့နယ် အ.ထ.က(ပန်းတောင်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပန်းတောင်း သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံဖွံ့ဖြိုးတိုး​တက်စေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က အ.ထ.က(ပန်းတောင်း)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(ပန်းတောင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များ အချင်းချင်းတိုင်ပင်ညှိနှိုင်းဆွေးနွေးတတ်စေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အ.ထ.က(ပန်းတောင်း)ကျောင်းမှ မောင်လင်းဥက္ကာကျော် Grade-9 က “အောင်ပွဲခံခြေလှမ်းများ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မရွှေဇင်ထွန်း Grade-9 က “လူငယ်တွေလက်ခံနေတဲ့ယဥ်ကျေးမှု” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မလင်းလက်ကြည်ဖြူကျော် Grade-9 က “လူ့တန်ဖိုး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မစုရည်နှင်း Grade-9 က “လူငယ်နှင့်တက်လမ်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မကြည်လဲ့ဇော် Grade-9 က “လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)