အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ

အိမ်မဲ သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားပြီး ဥာဏ်ရည်ဥာဏ်သွေး သွက်လက်ထက်မြတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ၊ ဥာဏ်ရည်မြှင့်ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲဆောင်ရွက်ရာ၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းအားလပ်သည့် အခါများတွင် မြို့နယ်ပြန်/ဆက်ရုံး ပြည်သူ့စာကြည့်တိုက်တွင်သုတရသ စာအုပ်စာစောင်များကို လာရောက်ဖတ်ရှုကြရန်တို့ကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်ပြီး ဥာဏ်ရည်မြှင့်ပြိုင်ပွဲများဖြစ်သော ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲများ ကျင်းပရာ (အ.မ.က)ချောင်းဝ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့်  အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ထိုကဲ့သို့ အသိပညာပေး ဟောပြောပွဲများ၊ ဥာဏ်ရည်မြှင့်ပြိုင်ပွဲများ၊ စာအုပ်စာစောင်နှင့် အသိ ပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများ တိုပွားလာမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)