လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

လိပ်သို ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေအကြောင်း၊ လူကုန်ကူးသူများသည် သူစိမ်းများ ဖြစ်နိုင်သကဲ့သို့ မိမိတို့၏ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုးများမှလည်း ဖြစ်နိုင်ကြောင်း စသည့် အကြောင်းအရာများကို ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေပြည်သူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)