ပုသိမ် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗိုလ်လုပွဲစဉ်အဖြစ် ကန်ကြီးထောင့်မြို့နယ်(က)အသင်းနှင့် ကန်ကြီးထောင့်မြို့နယ်(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ဗိုလ်လုပွဲစဉ်တွင် ပြိုင်ပွဲဝင်အသင်းတို့သည် မိနစ် (၉၀) အတွင်း ဂိုးမရှိသရေဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ကန်ကြီးထောင့်မြို့နယ် (ခ)အသင်းက ကန်ကြီးထောင့်မြို့နယ်(က)အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့် အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ရှေ့တန်းအကောင်းဆုံး ကစားသမားဆု ရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးပညာရေးမှူး ကလည်းကောင်း၊ နောက်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာ ဝန်ကြီးကလည်းကောင်း၊ ဂိုးသမားအကောင်းဆုံး ကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကန်ကြီးထောင့်မြို့နယ် (က)ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် ပထမဆုရရှိသည့် ကန်ကြီးထောင့်မြို့နယ်(ခ) ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအား ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
လှမင်းထွဋ်(ပြန်/ဆက်)