သဲကုန်း သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဖြစ်သော အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ရွှေကြို့ပင်)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက နေ့ထူးနေ့ရက်များအကြောင်း၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးသိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတစုံလင်စွာ ရရှိနိုင်စေမည်ဖြစ်ကြောင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရှန်တီစေတနာရှင်အဖွဲ့မှ လှူဒါန်းသော စက္ကူပြဇာတ်စာအုပ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)