စေတုတ္တရာမြို့နယ်တွင် အခြေခံပညာကျောင်းသား အားကစားပွဲတော်အတွက် မြို့နယ်အဆင့်လူရွေးပွဲအတွက် ကျောင်းပေါင်းစုံပဏာမလူရွေးပွဲ ပြုလုပ်

စေတုတ္တရာ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းအားကစားပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွတ်နိုင်ရေး မြို့နယ်အဆင့်လူရွေးပွဲအတွက် ကျောင်းပေါင်းစုံမှ ပဏာမအားကစားသမားများ လူရွေးချယ်ခြင်းအဖြစ်အားကစားပြိုင်ပွဲများကို ယနေ့နံနက်၇နာရီအချိန်ကစ၍ အမှတ်(၂)ရပ်ကွက် မြောက်ခေတ္တရာရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။ 

လူရွေးပွဲတွင် မြို့နယ်အဆင့်လူရွေးချယ်ရန်အတွက် နယ်မြေအလိုက်ကျောင်းပေါင်းစုံအတွင်းရှိ အခြေခံပညာကျောင်းတို့မှ ကျောင်းသား/ကျောင်းသူတို့က ခြင်းလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ မီတာစုံအပြေး ၁၀၀၊၄၀၀၊၈၀၀၊၁၅၀၀ အပြေး၊ အလျားခုန်(၃)ခုန်၊ ပစ်(၃)ပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်အစရှိသည့် အားကစားနည်းများဖြင့် စိတ်အားထက်သန်စွာ ယှဉ်ပြိုင်အရွေးချယ်ခံလျက်ရှိရာ ကာယနည်းပြဆရာများ၊ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 အဆိုပါ အားကစားပွဲတော်အတွက် မြို့နယ်ရှိနယ်မြေအလိုက် ကျောင်းပေါင်းစုံမှ ပဏာမရွေးချယ်ခံရသည် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အဆင့် လူရွေးပွဲရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ကျောင်းသူများကို ခရိုင်မှတစ်ဆင့် မကွေးတိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းပေါင်းစုံကျောင်းသားအားကစားပွဲတော်၌  သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)