ကျိုက်လတ် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက ဖောင်ရိုးချောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါး သုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ “လူငယ်အသိပညာပေး ဟောပြောပွဲ”သို့ ဖောင်ရိုးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်း အကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)