ကျွန်းလှ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ (၂၀၂၄ - ၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၃၄၀၉၇) ဧကလျာထားပြီး လက်ရှိအချိန်ထိ (၂၃၀၇၁) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်မှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ဒီနှစ်မိုးစပါးစိုက်ပျိုးဖို့ ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ကာ တောင်သူတွေ စိုက်နည်းစနစ်မျိုးစုံနဲ့ စိုက်ပျိုးနေကြပါတယ်။ မိုးစပါးကို ဇူလိုင်လမှာ စတင်စိုက်ပျိုးကြရာ ယနေ့အထိ (၂၃၀၀၀) ကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ ဆက်လက်စိုက်ပျိုးနေကြပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
မိုးစပါး တစ်ဧကအထွက်နှုန်း ကောင်းစေရန်အတွက် မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဓာတ်မြေဩ အချိန်ကိုက်အချိုးကျသုံးစွဲရေး၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းတာဝန်ခံများက တောင်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာ၌ အရည်သွေးကောင်း၊ အထွက်ကောင်း စပါးမျိုးဖြစ်သည့် ဧရာမင်းစပါးမျိုးကို အဓိကစိုက်ပျိုးကြပြီး ယခင်နှစ် မိုးစပါးစိုက်ပျိုးရာသီတွင် (၃၄၀၉၃) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ၇၃ ဒသမ ၅၉ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)