တောင်တွင်းကြီး ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မေလဆန်းမှစကာ မိုးများရွာသွန်းခဲ့၍ တောင်သူများအနေဖြင့် မိုးနှမ်းများ စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်ကာလ မိုးရွာသွန်းမှုအနေဖြင့် ဇွန်လမှာ မိုးစတင်ရွာသွန်းခဲ့ပြီး ယခုနှစ်တွင် မေလဆန်းမှစကာ မိုးများစတင်ရွာသွန်းခဲ့သည့်အတွက် တောင်သူများအနေဖြင့် ယခုနှစ်တွင် မေလကုန်အတွင်း နှမ်းများ ကြဲပတ်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းတွင်ရှိသော တောင်သူအများစုသည် စမုံနက်(ခေါ်)နှမ်းနက်၊ နှမ်းအဖြူများဖြစ်သည့် ခြုံကျော်၊ ရင်မနိုင်၊ ဇုန်တက်မျိုးများနှင့် နှမ်းအနီမျိုးများဖြစ်သော ခွေးနီလေးဆိုသည့် ရက်ပေါင်း(၆၀) နှမ်းမျိုးများကို စိုက်ပျိုးကြကြောင်း၊ အထွက်နှုန်းအနေဖြင့် မိုးဦးမိုးမှာ မေလကုန်အထိသာ ရွာသွန်းပြီး ဇွန်လနှင့် ဇူလိုင်လများတွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် မိုးနှမ်းအထွက်နှုန်းအနေဖြင့် ခန့်မှန်းသလောက်မရခဲ့ဘဲ ထွက်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခုလက်တလောတွင် စမုံနက် (၁)တင်းကို (၁၉၀၀၀၀)ကျပ်၊ နှမ်းနီ (၁)တင်း (၁၅၀၀၀၀) ကျပ်၊ နှမ်းပြာ(၁)တင်း (၁၇၂၀၀၀)ကျပ်နှင့် နှမ်းဖြူ (၁)တင်း (၁၈၀၀၀၀)ကျပ် ဈေးပေါက်နေကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။
ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းကို စတင်ကြဲပက်ရာတွင် နှမ်းကို တန်းချစနစ်နှင့် ကြဲပတ်စနစ်တို့ဖြင့် စိုက်ပျိုးကြပြီး နှမ်းတစ်ဧကကို တန်းချစနစ်ဖြင့် စိုက်ပျိုးပါက နှမ်းမျိုး တစ်ပြည်ခန့်ကုန်ကျကြောင်းနှင့် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပါက နှစ်ပြည်ခန့်ကုန်ကျကြောင်း၊ ထွန်ယက်ရာတွင် ထွန်စက်ဖြင့် ထွန်ယက်ပါက တစ်ဧက (၃၀၀၀၀)ကျပ်နှင့် နွားဖြင့်ထွန်ယက်ပါက နွားတစ်ရှဉ်းကို တစ်မနက် (၂၀၀၀၀)ကျပ်ပေးရကာ တစ်ဧကကို (၂)မနက်ခန့် ထွန်ယက်ရကြောင်း၊ မိုးနှမ်းကို မိုးဦးကျကာလ မေလမှစ၍ ဇွန်လပထမပတ်အတွင်း စိုက်ပျိုးကြပြီး ထိုကာလထက်နောက်ကျပါက အပင်ဖြစ်ထွန်းသော်လည်း အပွင့်အသီး အောင်မြင်ဖြစ်ထွန်းမှုနည်းပါးကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။
နှမ်းအထွက်နှုန်းအနေဖြင့် လယ်နှမ်းဆိုပါက တစ်ဧက(၁၂)တင်း ဝန်းကျင်ထွက်ရှိသော်လည်း ယခုနှစ်တွင် ဇွန်လနှင့် ဇူလိုင်လအတွင်း မိုးရွာသွန်းမှုနည်းပါးသဖြင့် အထွက်နှုန်း ကျဆင်းနိုင်ကြောင်း သိရသည်။
ယခုလက်ရှိ နှမ်းရိတ်သိမ်းချိန်တွင် နှမ်းရိတ်သိမ်းခအနေဖြင့် တစ်ယောက်စိုက်လျှင် (၂၃၀၀၀)ကျပ်၊ တစ်ဧကလျှင် (၈၀၅၀၀)ကျပ်၊ နှမ်းစည်းခနှင့် နှမ်းခါခအနေဖြင့် အလုပ်သမားတစိဦးလျှင် တစ်မနက် (၅၀၀၀)ကျပ်ပေးရကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးရန် လျာထားဧက (၁၁၄၉၈၃)ဧကရှိပြီး စိုက်ပျိုးခဲ့သည့်ဧက (၁၁၇၇၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက် (၂၇၂၈)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)