ဂန့်ဂေါမြို့၊ အ.လ.က(ခွဲ)စည်ပင်ကျောင်းတွင် စာဖတ်ဝိုင်းပြုလုပ်

ဂန့်ဂေါ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.လ.က(ခွဲ)စည်ပင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ ပြည့်ဝစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတွင်သင်ကြားခဲ့သည့် ကျောင်းစာအပြင် အသိပညာတိုးပွားစေမည့် သုတ/ ရသစာအုပ်များကိုပါ ဖတ်ရှုလေ့လာရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ(၅)ဦးလျှင် တစ်ဖွဲ့နှုန်းဖြင့် (၂)ဖွဲ့ခွဲ၍ စာရေးဆရာ Monica Lahtaw(Hkawawm)၏ “ဖွင့်ကြည့်လိုက်ပါ” အတွဲ(၂)စာအုပ်မှ လူသားဆန်ပါ၊  အမြစ်ကောင်းကောင်းတွယ်ဖို့လိုတယ်၊ ကြိုးစားလုပ်ခြင်း၏ ရလဒ်နှင့်ကြင်နာမှုနဲ့ စိတ်ကောင်းစေတနာ စသည့်ခေါင်းစဉ်အသီးသီးဖြင့် ဖတ်ရှုကာ အသိပညာဗဟုသုတရရှိမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိသိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)