စေတုတ္တရာမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး (၁၁၆၄)ဧက စိုက်ပျိုးပြီးစီး

စေတုတ္တရာ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ လျာထားဧကပြည့်မီရေးအတွက် ဇူလိုင်လပိုင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ယမန်နေ့အထိ မိုးစပါး ၁၁၆၄ ဧက စိုက်ပျိုးပြီးစီးနေပြီးဖြစ်ကြောင်း စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စေတုတ္တရာမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် စားရေရိက္ခာဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ မိုးစပါး ၅၆၇၈ စိုက်ပျိုးရန်လျာထားလျက်ရှိသည်။ မိုးစပါးသက်မှတ်လျာထားဧကပြည့်မီ‌အောင် လိုအပ်သော နည်းပညာများနှင့် မျိုးများ ဆောင်ရွက်ပေးနေကြောင်း၊ တောင်သူတွေအနေဖြင့် မိုးစပါးတွေ အချိန်မီစိုက်ပျိုးပြီးစီးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆက်စပ်ဌာနများ၏ ကြီးကြပ်မှုဖြင့် တောင်သူလုပ်ငန်းသုံး ကျွဲ၊ နွားများနှင့် လယ်ယာသုံးစက်ကိရိယာများအပြင် မိုးစပါးရာသီအတွင်း ပြည်တွင်းမှထုတ်လုပ်သော ယူရီးယား(ပုလဲ)ဓာတ်မြေဩဇာများကို စက်ရုံထုတ်ဈေးနှုန်းဖြင့် တောင်သူလက်ဝယ်အရောက် ရောင်းချပေးကာ အသုံးပြုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားရေရိက္ခာဖူလုံစေရန် တစ်မြို့နယ်လုံး မိုးစပါး ၅၆၇၈ ဧက လျာထားစိုက်ပျိုးနေပါကြောင်း၊ ဇူလိုင်လဆန်းပိုင်းကစပြီးစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ၁၁၆၄ ဧကစိုက်ပျိုးပြီးစီးနေပြီးဖြစ်ပါကြောင်း၊ ဒေသခံပြည်သူတွေ အများဆုံးစိုက်ပျိုးသော စပါးမျိုးများမှာ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ပခမ်းရွှေဝါ၊ ဆားဖိုးသာ၊ ကောက်ညှင်း၊ ရက်(၉၀)အစရှိသည့် စပါးမျိုးများဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးရေးနှင့်ပက်သက်ပြီး တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်းတိုးတက်စေရန် ဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေအလိုက် ကြီးကြပ်ပြီး မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးရန် စိုက်နည်းစနစ်နှင့် သွင်းအားစုပစ္စည်းသုံးစွဲနည်း စိုက်နည်းစနစ် မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းများကို ဆောင်ရွက်နေကြောင်း စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြစံက ပြောကြားခဲ့သည်။

စေတုတ္တရာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ပဲမျိုးစုံနှင့် တခြားစားဖိုဆောင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)