နတ်မောက် ဩဂုတ် ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများ ရရှိနိုင်စေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ပဉ္စမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းကုန်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရှမ်းကုန်းကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၂ ဦး ငွေကျပ် ၂၇ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈ ဦး ငွေကျပ် ၂ ဒသမ ၀၀ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦး ငွေကျပ် ၃ ဒသမ ၃ သန်း စုစုပေါင်း အသင်းသား/ အသင်းသူ ၁၀၂ ဦးကို ပဉ္စမအကြိမ်မြောက်အဖြစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေကျပ် ၃၂ ဒသမ ၄ သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အား ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိကျေးရွာပေါင်း ၁၀ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
မူမူစန်း