ပွင့်ဖြူမြို့နယ်၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပွင့်ဖြူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်အမျိုးသမီးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ အပြည့်အဝရရှိခံစားနိုင်ရေး ဆောင်ရွက်နေမှုများ၊ သက်ငယ်မုဒိမ်းမှုများနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများမှ ပပျောက်အောင် ကာကွယ်စောင့်ရှောက်ရမည့် ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များ၊ အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိစေရန် ဥပဒေ၊ နည်းဥပဒေ ရေးဆွဲပြဌာန်းထားမှုအကြောင်းအရာများကို ကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် အမျိုးသမီးကော်မတီလုပ်ငန်းအဖွဲ့ဝင်များက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးနှင့် သက်ငယ်မုဒိမ်းမှု ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်မည့်အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးတင်ပြရာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အမျိုးသမီးများအား မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ထားသော ဥပဒေများကို ကောင်းစွာသိရှိစေရန် ဆွေးနွေးပွဲများ၊ သင်တန်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရန် ဖြည့်စွက်ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )