ထားဝယ် ဩဂုတ် ၁၂
၂၀၂၄ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် “စံပြနို့တိုက်မိခင်ပြိုင်ပွဲ”ကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇင်မာစိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အကဲဖြတ်အမှတ်ပေးပုံနှင့် ဆုချီးမြှင့်မည့်အစီစဉ်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်ရေးအဖွဲ့ အမျိုးသမီးရေးရာအဖွဲ့တို့က အုပ်စုများခွဲ၍ နို့တိုက်မိခင် ၁၅ ဦးအား မိခင်နို့တိုက်ကျွေးမှု၊ နို့တိုက်မိခင်အစာစားသုံးမှု၊ ကလေးအစာကျွေးမှု၊ ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်း၊ ကလေးကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးများကို မေးမြန်း၍ စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက စံပြမိခင်ဆုများရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)