မြန်အောင် သြဂုတ် ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃) စက်မှုလယ်ယာစခန်း မြန်အောင်၌ ယနေ့နံနက်က ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်ကျော်သန်းက သင်တန်း ဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသုံး လေ့လာရေးမှတ်စု စာအုပ်များကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သင်တန်းသားများအား တစ်ဦးချင်း ပေးအပ်ခဲ့ကြသည်။ သင်တန်းသို့ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ သင်တန်းသား (၃၆)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးနှင့် လယ်တစ်ဧက (၁၀) တင်းနှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်း ခြွေလှေ့စက်များကို လယ်ယာလုပ်ငန်းခွင်တွင် စနစ်တကျနည်း မှန်လမ်းမှန် အန္တရာယ်ကင်းစွာ သုံးစွဲတတ်စေရန်၊ ကျွမ်းကျင်စွာ မောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ စနစ်တကျ ချိန်ညှိတတ်စေရန်နှင့် စပါးအလေအလွင့် နည်းပါးရေးတို့အတွက် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)