ဒေးဒရဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်ဘောလုံးကွင်း သစ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာသူများက ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ အားကစားသမားများက မြို့နယ်ပညာရေးမှူးအား အလေးပြုခြင်းနှင့် မြို့နယ်ပညာရေးမှူး ဦးလှစိုးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားပေါ်ထွန်းလာစေရေးနှင့် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရေး ကျင်းပပေးခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှု မရှိစေပဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဥ်ပြိုင်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲအား(၂၀၂၄) ခုနှစ် သြဂုတ်လ (၁၁)ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့ထိ မြို့မဘောလုံးကွင်းသစ်ကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၄) ကျောင်းမှ ကိုယ်စားပြုအသင်း (၁၄)သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း(ပြန်/ဆက်)